နဂိုထက်ပိုလှတာဘာရှိလဲ
ရှိသင့်ရှိထိုက်တဲ့အတိုင်း နင်ဟာအပိုအလိုမရှိ
စူးစူးစိုက်စိုက်အမူအယာထဲ
ပျော်ဝင်နေတာကိုက
မျှော်စင်ကြီးကိုမော်ကြည့်နေရသလို
နစ်ဝင်သွားတယ်။
လက်ဖျံရိုးပေါ်ကမွေးညှင်းစိမ်းစိမ်းတွေကို
ကြိုက်တယ်
အဲဒီထက် နူတ်ခမ်းပါးပါးရဲ့အနားသတ်မျဉ်းကို
ပိုကြိုက်တယ်
လက်သည်းခွံပေါ်ကသွေးရောင်လွှမ်းနေတဲ့ကောင်းကင်ထဲ
ငှက်တစ်ကောင်လိုပျံဝဲသွားတဲ့စိတ်က
လေဟုန်စီးနေပြန်တယ်လေ...
ဒါဟာ
လေးနက်မှုတစ်ခုခုကို
အပေါ်စီးကရှာနေပုံမျိုးပေါ့။
ညတွေလိုမှောင်နေတဲ့ဆံနွယ်တွေရှိတယ်
ကြယ်တွေလိုတောက်ပလင်းလက်နေတဲ့
မျက်ဝန်းတွေက တဖိတ်ဖိတ်လက်လို့
နှစ်လိုဖွယ်နှလုံးကို
အပြုံးတွေနဲ့လှစ်ပြတတ်ပြန်တယ်။
တကယ်တော့
မူးယစ်ခြင်းဟာ
ဆေးဝါးမလိုတဲ့ ဆဲလ်တစ်မျှင်ပါပဲ
ငါတို့ရဲ့နှလုံးသားတွေထက်
မူးယစ်စေတာဘာရှိလို့လဲ...
တိမ်တစ်အုပ်ပြိုဆင်းလာသလို
ငှက်တစ်ကောင်ရဲ့အတောင်ပံခတ်သံလို
နှလုံးသားအပေါ်တဖွဲဖွဲကျလာတဲ့
ရွှန်းလဲနေခြင်းတွေသာ
နေရာတိုင်းပြန့်ကျဲလို့ပေါ့။
ပန်းသီကြိုး(ရသေ့တောင်)
၂၆.၈.၂၀၁၈
No comments:
Post a Comment