********************
အခြေအနေတွေအရ
ငါတို့လိုအပ်နေတာ အပိုတွေပဲ
ဘာမှအဆင်သင့်မရှိတဲ့ ငါတို့
လိုအပ်ချက်တွေဟာ ပင်လယ်ကြီးလိုပဲ
လှိုင်းတွေဘယ်လောက်အူအူ
ငါတို့နားတွေမဆူကြတာဟာ
နေသားကျမှုတစ်မျိုးဆိုပါတော့။
ကဲ...မတ်တပ်ရပ်နေရမယ့်
နေရက်တွေဟာ ထိုင်စောင့်နေပြန်ရော
မခက်ဘူးလား
ဒါဟာမခက်ဘူးလား
လွယ်လွယ်ကူကူပဲ ခက်လိုက်ကြတယ်
အပိုသက်သက်လိုတာလား
အလိုသက်သက်ပိုတာလား
ငါတို့မှာ ဘာတရားပြပြ
လက်တွေ့မကျတာဟာ အပိုသက်သက်ပဲလား။
အရှားပါးဆုံးအရာဟာ
အပေါများဆုံးရနိုင်တဲ့အရပ်
ဒီအရပ်နဲ့ဒီဇာတ်
ခပ်တည်တည်ပဲ ဖြတ်လျှောက်နေကြတယ်
ငါတို့ဟာ ဘာမှမဖြစ်ကြသလိုပဲ။
တကယ်တော့ဆိုရင်
တကယ်မဟုတ်တဲ့ဆီသွားကြရအောင်ပါ
လိုအပ်နေတာအပိုတွေပါပဲ
အပိုတွေမလုပ်သမျှတော့
အလိုတွေပဲပြနေလိမ့်မယ်။
ပန်းသီကြိုး(ရသေ့တောင်)
၂၂.၈.၂၀၁၉
No comments:
Post a Comment