--------------------------
လေယူရာတိမ်း ယိမ်းနေတဲ့အပြုံးငွေ့တွေ
မျက်စိကိုစုံမှိတ် ထားမိတိုင်း
မီးရထားတစ်စင်းလို သံလမ်းပေါ်ဖြတ်မောင်းသွားတယ်
အချစ်ဟာဖြူစင်မှုနဲ့အကြင်နာ
ဘယ်ညာမှားနေတတ်တဲ့ကလေးတစ်ယောက်လိုပဲ
ရင်ကိုလာထိပြီဆိုရင်တော့
ကြယ်တွေလိုကြွေခဲ့ပြီ။
ငါမဟုတ်တဲ့ငါ
နင်မဟုတ်တဲ့နင်
ဘယ်ကြိုးတွေတင်တင် ရစ်လိုက်ကြပြီပေါ့
အောင့်ထားတဲ့အသက်လေးလွတ်လိုက်တယ်
ဆိုရင်ပဲ
လေကိုအငမ်းမရရှူမိတော့တယ်။
သဘာဝကိုလွန်ဆန်လို့မရဘူးဆိုရင်
သဘာဝကျကျပဲဖြတ်သန်းကြပါစို့
အချစ်နဲ့ဘယ်အရာကိုမှ
အလဲအထပ်မလုပ်ကြေးဆိုရင်
နှလုံးသားပေးပြီးချစ်ရတာတန်ပါတယ်။
တကယ်တော့
အချစ်နဲ့စိမ်ထားတဲ့ဘ၀ဟာ
ဘယ်လောက်ပဲပွပွ
ရွရွလေးလှနေတယ်ဆိုတာယုံလိုက်...
မနက်ဖြန်တိုင်းမှာအပြုံးကိုယ်စီရှိတယ်။
အဝေဆုံးကမျှော်ကြည့်လိုက်ရင်တောင်
ဒီအပြုံးလေးေ၀၀ါးမသွားတာ
ဘာကြောင့်လဲ?
မြက်ခင်းစိမ်းစိမ်းတွေဆီမှာ
ခြေရာတွေရှိသလို
နှလုံးသားကိုဖြန့်ခင်းလိုက်တိုင်း
နွေဦးလိုလတ်ဆတ်လာတဲ့ရနံ့တွေဟာ
တဖောက်ဖောက်နဲ့ကိုယ့်ဆီလျှောက်လာတယ်လေ
နတ်သမီးတွေလှတာသေချာရင်
နင်ဟာနတ်သမီးပဲ
အချစ်နဲ့မတည်ဆောက်ရဲ့ကြတဲ့ဘ၀ကို
အချစ်နဲ့တည်ဆောက်ကြည့်လိုက်
တက်မက်စိတ်ရိုင်းတွေရဲ့နောက်မှာမှ
အချစ်စစ်ဆိုတာရှင်သန်တယ်။
မြက်ခင်းစိမ်းစိမ်းတွေဆီ
ခြေရာကောက်ရင်း
အချစ်ဟာကောင်းကင်လား
ဒါမှမဟုတ်မြေပြင်လား
ဒါမှမဟုတ် နင်လား
ငါလား...
ဘယ်အရပ်ဆီဦးတည်နေသလဲ
ငါ့ကိုယ်ငါ ဒီစိတ်နဲ့ပိတ်လှောင်ထားလိုက်တယ်
ငါ့အချစ်ရဲ့အထက်နားမှာ
လိပ်စာကပ်ထားခဲ့လေရဲ့
မြက်ခင်းစိမ်းစိမ်းတွေဆီ အရောက်
စုံစမ်းပြီး လျှောက်ခဲ့ပါ။
ပန်းသီကြိုး(ရသေ့တောင်)
၎.၉.၂၀၁၈
No comments:
Post a Comment