Tuesday, November 19, 2019

ဘုတ်ငှက်မြည်တဲ့တေးသံ



လက်နက်ကြီးသံအဆုံးမှာ
အပင်ပေါ်က ငှက်တစ်အုပ်
လန့်ပျံသွားတယ်

မြို့ငယ်လေးတစ်မြို့ရဲ့
ညနေဆည်းဆာဟာ
ဆူဆူညံညံနဲ့
တိတ်ဆိတ်သွားတဲ့ညတစ်ကို
ဖြတ်သန်းရပါတော့မယ်
ဆိုင်ကယ်လီဗာကိုနင်းကန်ဖြဲမယ့်
လမ်းသရဲလိုလိုကောင်တွေလည်း
စောစောအိပ်တန်းတက်ကြရတော့မယ်
ကလေးငယ်တွေဟာ
ညတွေရဲ့လရောင်ကိုခံစားခွင့်
ပျောက်ဆုံးနေမယ်
လမ်းထဲကခွေးတောင်
စုပြီးမအူရဲတဲ့အကြောင်းရင်းက
ဝမ်းဖိုးဖိုး ထုတ်ထားကြောင်း
ထုတ်ဖော်ပြသနေမယ်
ကောင်မလေးတွေရဲ့အိမ်ရှေ့က
ဂစ်တာသံတွေလည်း
ဆိတ်သုန်းနေမယ်
မှောင်မဲနေတဲ့မြစ်ပြင်ထဲမှာတော့
လက်နက်တပ်ဆင်ထားတဲ့
သင်္ဘောတစ်ဆင်းဟာ
ကျောက်ချရပ်နားထားလေရဲ့
သင်္ဘောပေါ်ကအမြောက်ကြီးက
မြစ်တစ်ဖက်ကမ်းက
မှိန်ပျပျမီးရောက်လက်နေတဲ့
တံငါသည်တစ်ဦးရဲ့အိမ်ကို
မျက်စောင်းထိုးနေတဲ့အကြောင်း
ဒီရေအတက်အကျမှာအော်တတ်တဲ့
ဘုတ်ငှက်တစ်ကောင်က
သီချင်းလုပ်ဆိုနေလေရဲ့။
ပန်းသီကြိုး(ရသေ့တောင်)
. ၁၈.၁၁.၂၀၁၉

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ