Tuesday, September 10, 2019

ရခိုင်အစားအစာ ဂြစ်ချေနောက်ကွယ်ကလူမှုဘဝတစ်ချို့


                       
                   လူမျိုးတိုင်းမှာ မိမိတို့လူမျိုးကို ကိုယ်စားပြုတဲ့ ရိုးရာ အစားအစာ များရှိတတ်ကြပါတယ်။အခု တင်ပြမယ့် ရခိုင်အစားအစာတစ်မျိုးဖြစ်တဲ့ ဂြစ်ချေ လို့ရခိုင်တိုင်းရင်းသားတွေခေါ်တဲ့ ရခိုင်အစားအစာတစ်မျိုးဟာရခိုင်လူမျိုးတွေရဲ့
အစဉ်အလာကြီးမာတဲ့  အစားအစာ တစ်မျိုးတော့   မဟုတ်ပါဘူး။ဆိုလိုတာက ရိုးရာယဉ်ကျေးမှုနဲ့  သက်ဆိုင်တဲ့ပွဲလမ်း
သဘင်လို နေရာမျိုးတွေ၊အလှူပွဲလို နေရာမျိုးတွေမှာ ဂြစ်ချေ လို့အစားအစာမျိုးကို ဘယ်ရခိုင်ပဲဖြစ်ဖြစ်  မကျွေးပါဘူး။
နောက်ပြီး ထမင်းဝိုင်းလိုနေရာမျိုးမှာလည်း ဂြစ်ချေ အစားအစာဟာမပါဝင်ပါဘူး။ဂြစ်ချေ ဆိုတာ ရခိုင်လူမျိုးတွေ သရေစာ
အဖြစ်စားလေ့ရှိတဲ့အစားအစာတစ်မျိုးသာဖြစ်ပါတယ်။ဒါကြောင့်လည်း ရခိုင်အစားအစာတွေထဲမှာ ဂြစ်ချေဟာ  ခမ်းခမ်း
နားနား တော့မရှိလှပါဘူး။ဒါပေမယ့် ဂြစ်ချေကို ရခိုင်တော်တော်များများကနှစ်ခြိုက်ကြပါတယ်။အထူးသဖြင့်ရခိုင်သူလေးတွေ
ကြိုက်တဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။
                   ဂြစ်ချေဆိုတာဟာ အခြားသရေစာတွေလို ပေါင်းစပ်ပစ္စည်းတွေနဲ့လူတွေဖန်တီးထားတဲ့ သရေစာမျိုးလည်း မဟုတ်ပါဘူး။ချောင်းကမ်းစပ်တွေမှာ နေထိုင်ကျက်စားတတ်တဲ့ ရေငံခရုငယ်တစ်မျိုးဖြစ်ပါတယ်။ရေချိုရေငံစပ် ချောင်းကမ်း
နားဒီရေတောတွေကိုမီခိုနေထိုင်ကြပါတယ်။ဂြစ်ချေကောက်ယူပုံနဲ့ပတ်လို့ဘူသီးတောင်မြို့နယ်၊ညောင်ချောင်းကျေးရွာက
ဂြစ်ချေခရုကောက်ပြီးရောင်းတဲ့အမျိုးသမီးတစ်ဦးကအခုလိုပြောပြပါတယ်။
ဂြစ်ချေခရုကိုကောက်ယူရာမှာဒီရေတက်ချိန်နဲ့ဒီရေကျချိန်တွေမှာကောက်ယူရပါတယ်။ရေတက်ချိန်ကောက်ပုံနဲ့ရေကျချိန်
ကောက်ယူရပုံချင်းတော့မတူပါဘူး။ဒီရေတက်ချိန် (ရခိုင်လိုဖြားတက်ချိန်)မှာကောက်ယူမယ်ဆိုရင် ချောင်းကမ်းစပ်မှာပေါက်
နေတဲ့ဒီရေတောအပင်တွေပေါ်ကိုဂြစ်ချေခရုတွေတက်လာတတ်ပါတယ်။ဒီခရုတွေက ချောင်းထဲမှာနေတယ်ဆိုပေမယ့် ချောင်းရေတက်လာရင်အပင်တွေပေါ်တက်ပြေးကြပါတယ်။ရေကျချိန်ဆိုရင်တော့အပင်ပေါ်ကဆင်းပြီးရွှံ့ထဲမှာနေတတ်ပါ
တယ်။ဒါ့ကြောင့် ရေတက်ချိန်ဆိုရင်အပင်တွေမှာကပ်နေတဲ့ခရုတွေကို အလွယ်တကူမြင်နိုင်တဲ့အတွက်ကောက်ရပိုလွယ်ကူ
ပါတယ်။ရေကျချိန်ဆိုရင်တော့ချောင်းစပ်ကရွှံ့ထဲမှာရှာကောက်ရပါတယ်အရ     နည်းပါတယ်။ဒါပေမယ့် ဂြစ်ချေခရုကျင်း
(ရခိုင်လိုအကျိုင်)နဲ့တွေ့ရင်တော့ထမ်းမနိုင်အောင်ရတတ်ပါတယ်။ဒါကြောင့်ရေတက်ချိန်ကောရေကျချိန်ကော ဂြစ်ချေခရု
ကောက်လို့ရတယ်လို့ဆိုပါတယ်။ပုံမှန်ဆိုရင်တော့တစ်နေ့ကိုဂြစ်ချေခရုကောက်လို့သိုက်(၁၀ )လောက်ရနိုင်တယ်လို့
ဆိုပါတယ်။ကောက်လို့ရတဲ့ဂြစ်ချေတွေကို ကျွန်မတို့က အ၀ယ်ဒိုင်မှာ   သွားသွင်းပါတယ်။ဂြစ်ချေတစ်သိုက်(နို့ဆီလေးဗူး)
ကို၅၀၀ကျပ်နှုန်းနဲ့ဒိုင်မှာသွင်းရပါတယ်လို့လည်းဆိုပါတယ်။ဒီအလုပ်ဟာကျွန်မတို့လိုလက်လုပ်လက်စားတွေ၊ ကျပမ်းလုပ်
ကိုင်စားသောက်ရသူတွေအတွက်တော့ တစ်နေ့စာမီးဖို့ချောင်စရိတ်ကို တစ်ပိုင်းတစ်စအထောက်အပံ့ဖြစ်စေတယ်လို့
လည်းဆိုပါတယ်။
                  
                 ဂြစ်ချေအ၀ယ်ဒိုင်အလုပ်ကိုလုပ်ကိုင်နေတဲ့ ညောင်ချောင်းကျေးရွာကဒေါ်လှသိန်းကတော့ကျွန်မတို့အနေ
နဲ့ဂြစ်ချေခရုတွေကိုအော်ဒါမှာတဲ့ဆီပို့ပေးပါတယ်။ခရုတွေဆိုတော့တစ်ခါတစ်ခါသေသွားတာမျိုးတွေရှိတတ်တော့အဲလို    အခြေအနေဆိုရှုံးတာမျိုးလည်းရှိပါတယ်။ခရုလေးတွေကတော်ရုံနဲ့မသေပါဘူး။ဒါပေမယ့်တစ်ခါတစ်ခါ ကျွန်မတို့ဘက်က ထားသိုတာ နည်းမမှန်တာကြောင့်သေတာလည်းပါတယ်။ အမြဲလုပ်နေတယ်ဆိုပေမယ့် အသက်ရှိရောင်းကုန်ဆိုတော့ နည်းနည်းမှားရင် ရှုံးတာပါပဲ။ပြီးတော့ ဂြစ်ချေခရုအသေတွေကို ရောင်းလို့မရပါဘူး။တစ်တစ်ဆိုအော်ဒါမှာတဲ့သူဆီပို့ပေး
လိုက်ပေမယ့်သူတို့ဆီရောက်မှသေနေတာမျိုးဆိုလည်းကျွန်မတို့ဆီပြန်ပို့ကြတယ်။အဲလိုဆို ကျွန်မတို့ရှုံးတယ်လို့ဆိုပါ
တယ်။
               ဂြစ်ချေခရုတွေကိုအ၀ယ်ဒိုင်အနေနဲ့တစ်သိုက်(နို့ဆီလေးဗူး)ကို(၅၀၀)ကျပ်နဲ့ဝယ်ယူပြီးသူတို့အနေနဲ့ပြန်
ရောင်းတဲ့အခါ(၈၀၀)ကျပ်နဲ့ပြန်ရောင်းတယ်လို့ဆိုပါတယ်။တစ်သိုက်က(၃၀၀)ကျပ်မြတ်တဲ့အတွက် ချောချောမောမော
ဆိုရင် တွက်ချေကိုက်တယ်လို့ ဒေါ်လှသိန်းကဆိုပါတယ်။

                     ရခိုင်ပြည်နယ်မြို့တွေမှာ ဂြစ်ချေခရုငယ်တွေကို လှော်ပြီးရောင်းတာတွေကို ဘူးသီးတောင်၊ရသေ့တောင်၊
မြောက်ဦး၊မင်းပြားကျောက်တော် စတဲ့ရခိုင်ပြည်နယ်ကမြိုနယ်တော်တော်များများရဲ့ စက်လှေဆိပ်တွေမှာများသောအားဖြင့်
တွေ့ရပါတယ်။ရခိုင်လူမျိုးတွေ ဂြစ်ချေလို့ခေါ်တဲ့ခရုတွေကို ခရီးသွားရင်းအပျင်းပြေစားကြတာမျိုးဖြစ်ပါတယ်။
                  ကြက်သွန်ဖြူနံ့သင်းသင်းချင်းစိမ်းနံ့မွှေးမွှေးနဲ့ဂြစ်ချေခရုလှော်ကို စက်လှေပေါ်မှာ စားနေကြတဲ့မြင်ကွင်းဟာ စားလေ့စားထမရှိတဲ့လူတွေအတွက်တော့နည်းနည်းကသိကအောင့်နိုင်မယ်လို့ထင်ပါတယ်။ဂြစ်ချေခရုဟာ ငယ်တဲ့အတွက်
အခြားခရုတွေလို စုပ်လို့မရတာကြောင့်သွားကြားထိုးတံလို ဆူးကလေးနဲ့ခရုအသားကိုကော်ထုတ်ပြီးစားရတာဖြစ်ပါတယ်။
ခရုနပိုင်လို့ခေါ်တဲ့ အပြားလေးကိုလည်းပါးစပ်ထဲရောက်မှ ပြန်ထုတ်ရပါသေးတယ်။ခရုကိုလက်နဲ့ ကိုင်ပြီးအသားထုတ်ယူရ
တာကြောင့် လက်မှာခရုညှိနံ့က ကြက်သွန်ဖြူနံ့တွေနဲ့ရောပြီးသင်းနေတတ်ပါတယ်။
                 ဂြစ်ချေခရုတွေကိုအသင့်စားနိုင်တဲ့အဆင့်ကိုရောက်ဖို့အတွက် လှော်ရပုံအဆင့်ဆင့်ကို ရသေ့တောင်မြို့ သင်္ဘောဆိပ်မှာ ဂြစ်ချေလှော်ရောင်းနေတဲ့ မဇာနည်ဝင်းက အခုလိုရှင်းပြပါတယ်။


ဂြစ်ချေခရုတွေကိုလှော်ဖို့အတွက် ဒန်အိုးကြီးကြီးတစ်လုံးမှာဂြစ်ချေကိုထည့်ပြီးတစ်ညလောက်ရေစိမ်ထားရပါတယ်။ရေစိမ်
တာက ခရုမှာပါတဲ့ရွှံ့တွေထွက်သွားအောင်လုပ်တာပါ။တစ်ညလောက်ရေစိမ်ထားရင် ခရုအတွင်းထဲမှာပါတဲ့ရွှံ့တွေထွက်သွား
ပါတယ်။ရေစိမ်တဲ့နေရာမှာအိုးကို အဖုံးအုပ်ထားရပါတယ်။ဒါက ခရုတွေတွားတက်လာတတ်လို့ပါ အဖုံးမအုပ်ဘဲထားမိရင်
မနက်လင်းရင် ဒန်အိုးထဲကခရုတွေ ထွက်သွားတာမျိုးမဖြစ်အောင်ပါ။ရေတစ်ညစိမ်ထားတဲ့ ခရုတွေကို လှော်ဖို့အတွက် ရေနဲ့
ခုနစ်ထပ်ရှစ်ထပ်လောက်ဆေးရပါတယ် ဒီလို့မဆေးရင် ညှိနံ့ပြင်းတဲ့အတွက်အဆင်မပြေပါဘူး။ရေစင်အောင်ဆေးပြီးရင်
တော့ဂြစ်ချေခရုကို လှော်လို့ရပါပြီ။လှော်တယ်ဆိုပေမယ့်လည်း ဂြစ်ချေကိုပြုတ်တဲ့သဘောမျိုးပါ။ပြုတ်တယ်ဆိုပေမယ့်လည်း
ရေထည့်ပြီးမပြုတ်ရပါဘူး။ရေဆေးရေစိမ်ထားတဲ့ဂြစ်ချေခရုတွေရဲ့အတွင်းမှာရေ၀င်ပြီးသားမို့ရေထည့်ပြီးမပြုတ်တာပါ။အိုးထဲကို ထည့်ပြီးမီးအပူပေးလို့ ခရုတွေမီးအပူကြောင့်သေသွားတဲ့အချိန်မှာ ခရုနပိုင်ဟလာပြီးခရုအတွင်းကရေထွက်လာပါ
တယ်။တကယ်လို့ စပြုတ်ကတည်းက ရေထည့်ပြီးပြုတ်မယ်ဆိုရင် ခရုထဲကထွက်လာမယ့်ရေကြောင့် အရည်များသွား
တတ်ပါတယ်။ဒါကြောင့်ရေမထည့်ရတာပါ။ခရုထဲကထွက်လာတဲ့အရည်ဆူရင် ကြက်သွန်ဖြူနဲ့ချင်းစိမ်းထောင်းထားတာကို
ကိုထည့်ပါတယ် ပြီးရင်ဆားသင့်တော်ရုံထည့်ရပါတယ်။တစ်ချို့ကလည်းအချိုမှုန့််ပါထည့်တာမျိုးလည်းရှိပါတယ်။ကျွန်မက
အချိုမှုန့််တော့မသုံးဖြစ်ပါဘူး။ခရုမှာကိုကအချိုဓာတ်ကပါပြီးသားဆိုတော့ အချိုမှုန့််မထည့်လည်း အရသာရှိပြီးသားမို့မသုံး
တာပါ။ပြီးရင် အိုးထဲမှာအရည်ခမ်းအောင်လှော်ရပါတယ်။အရည်ခမ်းပြီဆိုရင်တော့ အသင့်စားလို့ရတဲ့ဂြစ်ချေဖြစ်ပါပြီလို့
မဇာနည်ဝင်းကရှင်းပြပါတယ်။
                ဂြစ်ချေလှော်ကို မဇာနည်ဝင်းတို့အနေနဲ့ပြန်ရောင်းတဲ့အခါမှာ နို့ဆီတစ်ဗူးကို ၅၀၀ ကျပ်နဲ့ရောင်းပါတယ်။
တစ်သိုက်ဆိုရင်၂၀၀၀လောက်ရပါတယ်။ဝယ်ဈေးက(၈၀၀)ကျပ်နဲ့ဆိုရင်တွက်ခြေကိုက်တယ်လို့ပြောလို့ရပါတယ်လို့လည်းဆိုပါတယ်။ရောင်းချရတဲ့အခြေအနေကတော့ပုံမှန်မရှိပါဘူး။ဘုရားပွဲလို ပွဲလမ်းသဘင်တွေရှိရင်တော့တစ်နေ့ကို
ဆယ်တောင်း(တစ်တောင်းတွင်ခြောက်ပြည်)ဆယ့်ငါးတောင်းလောက်ရောင်းစွံတယ်လို့လည်းမဇာနည်ဝင်းကဆိုပါတယ်။
               ရခိုင်လူမျိုးတွေဟာ ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်နေထိုင်ကြသူများဖြစ်ကြသလို ပင်လယ်အစားအစာတွေ
ကိုမြတ်မြတ်နိုးနိုးစားသုံးကြသူတွေဖြစ်ပါတယ်။ဒီလိုစားသုံးကြရာမှာ နေရာဒေသ အလိုက် ကွဲပြားမှုတော့ရှိပါတယ်။ဒီလို စား
သုံးမှုတွေရဲ့နောက်ကွယ်မှာ ဆက်စပ်တည်ရှိနေတဲ့လူမှုဘ၀တွေဟာလည်း နေရာဒေသအလိုက် ရုန်းကန်လှုပ်ရှားမှုတွေဟာ
လည်း ဒေသအလိုက်ကွဲပြားနေကြတာတေါဟာ တစ်မျိုးလေးချစ်စရားကောင်းနေမယ်လို့ထင်ပါတယ်။
ပန်းသီကြိုး(ရသေ့တောင်)
..၂၀၁၉
Arakan Roma radio,Roma Time

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ