ပြန်လမ်းမရှိတဲ့အရပ်က
ငါပြန်လာခဲ့ပါပြီ။
ဒဏ်ရာရှာမရတဲ့အနာများစွာဟာ
အကင်းသေခဲ့ပြီးနောက်
အဲဒီနေ့က...
ငါသောက်တဲ့စီးကရက်မီးခိုးတွေထဲ
တံတွေးစက်တွေလွင့်စင်သွားကြလေရဲ့။
အားနည်းချက်တွေလူတိုင်းရှိတဲ့အတိုင်း
ငါဟာစစ်အောင်သူတစ်ယောက်လိုပြုံးလိုက်တယ်။
ဖြစ်တတ်တဲ့သဘောတွေထဲ
ကိုယ်ချင်းစာတရားဟာမကြာခဏပျောက်ဆုံးနေကြအတိုင်း
ခဏတဖြုတ်ပျောက်နေတယ်လို့ပဲမှတ်လိုက်ပါတယ်။
အချိုးအကွေ့တွေနဲ့ပေါင်းထားတဲ့ဘဝ
အဲဒီညဟာ ဘယ်ညလဲငါမသိခဲ့
အနီးစပ်ဆုံးတွေးရသလောက်တော့
အသက်ရှူ နှုန်းမြင့်မားတဲ့
ငါ့ရဲ့ထည်ဝါမှုတွေကြားထဲ
ငါဆုပ်ကိုင်လိုက်တဲ့ဆဲလ်တစ်မျှင်ဟာ
ငါမသိတဲ့မင်းရဲ့လက်တစ်ဖက်လား
ငါမမြင်ဖူးသေးတဲ့မင်းရဲ့မျက်နှာလေး
ငါ့အတွေးထဲမှာရေးခဲ့တယ်ကွာ
ဒို့တွေ တွေ့တဲ့တစ်နေ့ကျမှရွတ်ပြသေးတာပေါ့။
ငါဟာဘာမြူဒါနယ်ကအပြန်ကို
ဆောင်းရဲ့လက်ကျန်ရက်ကလေးတွေ
အသိဆုံးဖြစ်ပါလိမ့်မယ်။
ပန်းသီကြိုး(ရသေ့တောင်)
၎.၃.၂၀၁၈
No comments:
Post a Comment