-----------------------
မိုးတွေနဲ့အတူရောက်လာခဲ့ပြီ
ဒီအချိန်ကိုစောင့်နေခဲ့တာကြာပြီလေ
Connection ကောင်းတုန်းလေး
Loading ဆွဲလိုက်ရတာပါ။
၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂၇)ရက်
မိုးစက်တွေက အမှောင်ကိုဆေးကြောရင်း
တဖြေးဖြေးလင်းလာခဲ့သလို
အဖေ့မြင်ကွင်းထဲ အလင်းတစ်စကိုဆုပ်ကိုင်ပြီး
သမီးလေးရောက်လာတယ်။
နီရဲနေတဲ့ပါးလေးတွေပေါ်က
နီရဲနေတဲ့သွေးကြောလေးတွေဟာ
မြင့်မိုရ်တောင်ထိပ်ဆီအရောက်
ဖောက်ထားတဲ့လမ်းသွယ်လေးတွေအလား...။
ဆက်သွယ်ဆွဲငင်နိုင်သမျှစွမ်းအားရဲ့
အမြင့်ဆုံးတန်ပိုဟာ ဒီသမီးလေးဆိုရင်
ဘ၀ကိုနှိုက်ထုပ်လိုက်မယ့်အဖေရဲ့လက်တွေဟာ
သံမဏိလက်သည်းတွေနဲ့ဖြစ်တယ်။
မနက်ခင်းတိုင်းကိုကြည့်နေခဲ့ဖူးပေမယ့်
ဒီ Loading လေး 100%
ပြည့်လာတဲ့မနက်ဟာ
အလှဆုံးမနက်ထဲက အလှဆုံးမနက်တစ်ခု
လက်ဖ၀ါးသေးသေးလေးနဲ့ဆုပ်ထားတဲ့အားတစ်ခုရဲ့စည်းနှောင်အားဟာ
အမြဲမြံဆုံး ဆက်ထုံးဆိုတာ
အဖေသိပါတယ် ....။
ခြေထောက်သေးသေးလေးနဲ့စရုန်းတာလဲ
ဘ၀ ပါပဲ သမီးလေးရေ
အနှီးတစ်စလိုဖြူ စင်နေ ဖို့
ဘ၀ ဆိုတာ ဖွတ်ရလျော်ရအုန်းမှာမလား
အဖေ့ နှလုံးသားကို
သမီးဘ၀ အညစ်အကြေးတွေအတွက်
ဆပ်ပြာလိုသုံးပါ
သမီးလေး အမေဟာ ရေကြည်တွေစိမ့်ထွက်ပေးပါလိမ့်မယ်
ဒီလိုပဲ
အဖေတို့ရဲ့ကွန်ယက်ထဲ
ချိတ်ဆက်ထားလိုက်တော့မယ်။
ပန်းသီကြိုး(ရသေ့တောင်)
၂၇.၉.၂၀၁၈
No comments:
Post a Comment