***********************
ကမ္ဘာကျော်အနုပညာရှင်တွေစာရင်းမှာ ငါမသိတာဘယ်နှစ်ယောက်ရှိလိမ့်မလဲ
အားနာဖို့ကောင်းသလို
ဝမ်းနည်းဖို့ကောင်းတယ်
သေချာတာတစ်ခုက
အားလုံးကိုမသိနိုင်တာပဲ။
ပစ်မှတ်ကိုချိန်ပြီးပစ်လို့ထိတာကို
ကြက်ကန်းတိုးတာပါကွာလို့
ပြောလို့မရဘူးတဲ့
လက်ခံပါတယ်
ငါတို့ ချိန်ပြီးပစ်လိုက်တဲ့ပစ်ချက်တွေ လွဲတဲ့အခါလွဲတယ်
လင်းတလောက်တော့ငှက်တိုင်းလှတယ်လို့ပြောသံရဲ့အဆုံးမှာ
အောင်ချိမ့်ရဲ့ကဗျာကိုသတိရလိုက်သလို
ပိုင်စိုးဝေရဲ့သေနတ်ပြောင်းဝထဲချောင်းကြည့်ပုံမျိုးနဲ့
ငါအလန့်တကြားရေရွတ်လိုက်တဲ့ညဟာ
ငါ့အနုပညာပါပဲ
ဖမ်းဆုပ်ထားလို့မရတဲ့လေတိုက်နှုန်း
ကိုလိုက်ဖမ်းသလို
ငါလိုက်ဖမ်းနေတယ်
မမောနိုင်မပမ်းနိုင် ရှာဖွေခဲ့တဲ့
ငါ့ရဲ့ပျောက်ဆုံးမှုစာရင်းထဲ
ငါကိုယ်တိုင်ပါနေတယ်ဆိုတာသေချာသလား
ငါကိုက်ဝါးနေတဲ့ငါ့အသားစတွေ
အစာကြေလွယ်နေတာနဲ့တင်
ငါကျေနပ်နေခဲ့ပြီ။
ပန်းသီကြိုး(ရသေ့တောင်)
၂၁.၇.၂၀၁၈
No comments:
Post a Comment