ဘဝကိုထိုက်သင့်သလောက်
အတူဖြတ်သန်းခဲ့ကြသူတွေ
လိုက်ပို့ကြတာပေါ့။
ကျန်ရစ်သူမိသားစုဟာ
ရောက်လာသူတွေကို အချိုရည်ဗူးတွေလိုက်ဝေလို့
ဘယ်ကမှန်းမသိတဲ့ကလေးတွေ
လူတွေနားရစ်သီရစ်သီနဲ့
မျက်စိတွေဟာ ကျီးကန်းတောင်းမှောက်လို့
အချိုရည်တွေဗိုက်ထဲရောက်သွားတဲ့လူတွေက
အခွံတွေတော့ပစ်ချင်ရာပစ်ချလိုက်တာလည်း
ရိုးရာပါပဲ
ကလေးတွေကတော့အလုအယက်။
မကုန်နိုင်သေးတဲ့
လူတွေရဲ့လက်ထဲကအချိုရည်ဘူးကိုသူတို့ဝိုင်းကြည့်နေတယ်
သူတို့အချိုရည်သောက်ချင်လို့လား
မဟုတ်ဘူး
သူတို့ကမသောက်ရတာသိပြီးသား
သူတို့မျှော်လင့်တကြီးကြည့်နေတာက
မေတ္တာတရားလည်းမဟုတ်ဘူး
စေတနာတရားလည်းမဟုတ်ဘူး
ဘူးခွံလေး ဘယ်တော့လွင့်ပစ်မလဲ
သူတို့ဘယ်လို့လုကောက်ကြမလဲ
ဒါသူတို့လောက
ဒါသူတို့ဘဝ
ဒါသူတို့အစာအိမ်
ဒါသူတို့မျှော်လင့်ချက်
ဘဝမှာအမှိုက်လို့တွေးတဲ့သူကတွေးတယ်
အမှိုက်ဟာ ဘဝလို့တွေးတဲ့သူကတွေးတယ်
အချိုရည်ဘူးခွံထဲ
ခဏပျော်ဝင်ကြည့်လိုက်တယ်
သူတို့ရဲ့မသန့်ရှင်းတဲ့လက်တွေနဲ့
ဟင်းလင်းပွင့်နေတဲ့သူတို့ရင်ဘတ်နားမှာ
ကျွန်တော်ကို တင်းတင်းကျပ်ကျပ်
ပွေ့ပိုက်ထားကြလိမ့်မယ်။
ပန်းသီကြိုး(ရသေ့တောင်)
၈-၈-၂၀၂၁
No comments:
Post a Comment