အဆိုးအကောင်းခွဲမသိခင်ကတည်းက
ပြုံးတတ်တာတွေအတွတ် ကျေးဇူးပါသမီးလေး
မိုင်ပေါင်းထောင်ချီပျံသန်းဖို့
ဒီတောင်ပံတွေသန်မာဖို့လိုတယ်လေ။
အနိမ့်အမြင့်မညီရခြင်းရဲ့အကြောင်းပြချက်ကို
ဘယ်တာကထွက်ပြီးရှာမှာလဲ
နှောင်ဖွဲ့မှုသီအိုရီထဲက
အဖေရဲ့အီကွေးရှင်းလေး။
နှောင်ကြိုးဆိုကတည်းက
မြဲပြီးသားပါ
သမီးအမေရဲ့အပြုံးထက်
သမီးအပြုံးကပိုအဓိပ္ပါယ်ရှိတာအဖေသိလာတယ်
ရုန်းမလွတ်နိုင်သေးတဲ့သံသရာမှာ
ဘ၀တစ်ခုကိုတည်ဆောက်ပေးဖို့
ဒီတာဝန်တွေကျေချင်တာပါ
ရှောင်လို့မရတဲ့အခက်အခဲတွေထဲမှာ
သတ္တိတွေထည့်ပေးလိုက်ချင်တာပါ
အဖေမှာချင်တာက
အလိမ်အကောက်တွေများတဲ့လောကကြီးမှာ
ပန်းတိုင်းပွင့်စေဖို့ စားသုံးပါ
ကလေးလေးတစ်ယောက်လိုအမြဲပြုံးပါ
လမ်းလျှောက်ပါ
မောရင်အနားယူပါ
ဆက်လျှောက်ပါ
နားထောင်ပါ
သင်ယူပါ
မျှဝေပါ
ရှာဖွေပါ
သုံးစွဲပါ
ဆင်ခြင်ပါ
နောက်ပြီးတော့ မေ့ပစ်ပါ။
ပန်းသီကြိုး
(ရသေ့တောင်)
၁၈.၁၂.၂၀၁၈
No comments:
Post a Comment