ဒီလောက်မရိုးရှင်းပါဘူး
အဆုံးစွန်သောအရပ်တစ်ခုသို့
ဓမ္မတေးတွေပျံ့လွင့်ပါစေ
ဒီအမိုးပြာပြာကြီးအောက်မှာ
သေသူတွေလမ်းလျှောက်ခဲ့ကြတာပဲ
အသက်ရှူ ရပ်တန့်သွားခြင်းလား
နှလုံးခုန်ရပ်တန့်သွားခြင်းလား
ဒီဆက်သွယ်ချက်တွေရဲ့
အခြားတစ်ဖက်မှာနာရီလက်တံတွေလည်နေသလား
ကောင်းမွန်သေသပ်စွာမျဉ်းကြောင်းဆွဲဖို့
ဒီပန်းချီကားချပ်ထဲ
ဝင်ရောက်လာခြင်းလား
မရေရာသေးတဲ့အဓိပ္ပါယ်တွေကို
တတ်ရောင်ကားလုပ်လာကြပြီပဲ
သေခြင်းရဲ့သံတူကြောင်းကွဲအဖြစ်
အသက်ရှူ ခြင်းရဲ့အဓိပ္ပါယ်မဲ့မှုတွေ
ရှင်သန်ခြင်းရဲ့မွန်းကြပ်မှုတွေ
အမှီအခိုမကင်းတဲ့ အသံရှူသံတွေ
မျှော်လင့်ချက်မဲ့ ဘ၀တွေ
ဂုဏ်သိက္ခာမဲ့နေထိုင်ခြင်းတွေ
စာနာမှုမဲ့ အရိပ်တွေ
လောကရဲ့နံရံပေါ်
ဘယ်လောက်သေနေရသလဲ
သေခြင်းဟာနှလုံးခုန်သံရပ်လိုက်ရုံနဲ့မပြီးဘူး
သေခြင်းဟာအသက်မရှူရုံနဲ့မလုံလောက်ဘူး
ဘ၀တွေ....ဘ၀တွေ
ရှင်ရက်နဲ့သေနေရတဲ့ဘ၀တွေအတွက်
ငါတို့ဟာ နှလုံးသားကို
ပိုပိုပြီးဂရုစိုက်သင့်တယ်ထင်တာပဲ
မသေခင်ထိ မသေချင်ရင်တော့
ငါတို့ဟာနှလုံးသားတွေကိုဂရုစိုက်ဖို့ပဲ
ကြီးပြင်းခဲ့ရင်....
မလုံလောက်ဘူးလား။
ပန်းသီကြိုး(ရသေ့တောင်)
၁၆.၅.၂၀၁၈
No comments:
Post a Comment