••••••••••••••••••••••••••••••••••••••
လက်ဖဝါးနုနုမှာ
အုန်နီမှုန့်တွေပေလို့
နဖူးကမြစ်ဖျားခံလာတဲ့ချွေးဟာ
ပါးမို့မို့ပေါ်ကသနပ်ခါးကိုတိုက်စား
သူဟာနေလောင်ခြင်းကိုကာကွယ်ဖို့
အင်္ကျီလက်ရှည်ဝတ်ထားတယ်။
ဦးထုပ်အနွမ်းကိုခပ်ရွဲ့ရွဲ့ဆောင်းပြီး
ဘဝကိုတစ်ရက်စာပဲပေါင်းသင်း
အလုပ်သိမ်းချိန်အရောက်
မျဉ်းတစ်ကြောင်းတည်းအောက်မှာ
ခြေလှမ်းမှန်မှန်လျှောက်တတ်သူတစ်ယောက်ဖြစ်တယ်။
ဘဝဟာနေ့တွက်ခရလိုက်သလိုပါပဲ
ပင်ပန်းထားသမျှ ခဏတော့ပျော်လိုက်ရသလိုလို
ပေးဆပ်သမျှကိုမေ့ပြီး
ပစ္စက္ခကိုကြည့်တတ်ဖို့
ပညာတတ်ဖို့လိုသလား
တစ်ခါတစ်ခါကြုံရတဲ့
အလုပ်ရှင်များက
သူချွေးတွေထက်ပိုငန်နေတဲ့အခါ
ဖြေစရာရှာရင်းကိုယ့်နှလုံးသားကိုပြန်တွေ့တဲ့သူ။
နေ့တိုင်းဟာအာမခံချက်မရှိဘူးဆိုတဲ့
ဘဝဖြတ်သန်းပုံခပ်ကြမ်းကြမ်းကို
မျက်လုံးပေါက်ကျဉ်းကျဉ်းနဲ့
ကြည့်တဲ့သူတွေဟာ
ချွေးကဖြစ်တဲ့ငွေရဲ့တန်ဖိုးကိုမသိတဲ့
ခပ်ပိန်းပိန်းကောင်တွေလို့သူတွေးတယ်။
သဲကျောက်အုတ်ဘိလပ်မြေတွေက
သူ့လက်ဖဝါးနုနုကိုစားသလို
သူ့လုပ်ရှင်တွေက
သဲကျောက်အုတ်ဘိလပ်မြေတွေကိုပြန်စားတယ်
ဒါဟာအလုပ်ရှင်တွေရဲ့အလုပ်သမားအပေါ်ထားတဲ့စေတနာပါပဲ
သူရဲ့လက်ဖဝါးနုနုကိုကြည့်လိုက်တယ်
အသားမာတက်နေတဲ့ဂြိုလ်ခုံတွေဟာ
အရိုးသားဆုံးပဲလို့တွေးလိုက်တယ်
သူ့လက်ဖဝါးမှာတော့အုတ်နီမှုန့်တွေပေလို့...။
ပန်းသီကြိုး(ရသေ့တောင်)
၂၄.၄.၂၀၁၈
No comments:
Post a Comment