Friday, May 6, 2022

နွေရင်ခွင်ထဲက မိုးမျှော်ပိတောက်(၂)

အဲလို တစ်ရက်လေးဝေခွင့်ရဖို့
မင်းဟာငါမျက်ရည်နဲ့ထိုက်တန်ရဲ့လား
တစ်ရက်စာဝေပြီး 
မင်းဟာနောက်တစ်နေ့မှာ
စိတ်လိုလက်ရ တဖွဲဖွဲကြွေနေ။

ကျေနပ်မှုဟာ ကိုယ့်ပေတံနဲ့ကိုယ်ပဲ
မင်းဟာမိုးကိုချစ်သလို
နွေကို ရနံ့တွေ ပေးပြန်တယ်

ဘာပဲဖြစ်ဖြစ်
ရဲရဲဝေပြီး ရဲရဲကြွေနေတာလေးကို
ချစ်ပါတယ်။

                      ပန်းသီကြိုး(ရသေ့တောင်)
                      ၆-၅-၂၀၂၂


Tuesday, May 3, 2022

နွေရင်ခွင်ထဲက မိုးမျှော်ပိတောက် - ပန်းသီကြိုး(ရသေ့တောင်)

နွေဟာအပူချိန်တွေကိုမြိုချပြီး
ကိုယ်တိုင်ပဲ ခြောက်သွေ့ကွဲအက် စေခဲ့တယ်
အမှန်တရားဟာ သက်တောင့်သက်သာမရှိလှပါဘူး
ကိုယ့်သိက္ခာကိုယ်မြဲဖို့
ကိုယ့်အပူကိုယ်မြိုချရတာဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ
နွေဟာ နွေလို ရဲရင့်ခဲ့ပါတယ်။

ရာသီကြမ်းပေမယ့် ပန်းတွေဟာပွင့်မြဲ
အပူလွှမ်းပေမယ့်
ပန်းတွေဟာလန်းဖို့ ရဲရင့်ကြပါတယ်
နွေမှာဖူး နွေမှာငုံ
မင်းဟာအပူငွေလည်းလှုံခဲ့တယ်
နွေမှာကြွေ နွေမှာဝေ
 မင်းဟာရွက်ဖူးအသစ်တွေလည်းနုခဲ့တယ်။

အပူကိုစားသုံးပြီး
မိုးစက်တွေကိုမှ မင်းကအမွှေးဆုံးပြုံးပြချင်တာလား
နွေရနံ့စွဲနေတဲ့ ပိတောက်ဖူးငုံရေ
ငါဟာ ပူလွန်းတဲ့နွေပါ
ခြောက်သွေ့ခြင်းသီအိုရီထဲမှာ
မင်းဟာ ညီမျှခြင်းအလွှဲနဲ့လှချင်ရှာတော့လည်း
ငါ့ကမ္ဘာကို မိုးတွေရွာဖို့ခွင့်ပြုခဲ့ပါတယ်
 ပိတောက်ခက်တွေအတွက်
ဒီမနက်မွှေးနေမယ့် မင်းရနံ့တွေအတွက်
ငါ့မျက်ရည်ဟာ မိုးရေစက်တွေဖြစ်ခဲ့ပါပြီ။

                            ပန်းသီကြိုး(ရသေ့တောင်)
                            ၃-၅-၂၀၂၂


Sunday, May 1, 2022

ငါဆောက်ပေးတဲ့စာကလေးအိမ် - ပန်းသီကြိုး(ရသေ့တောင်)


နေပါစေတော့ဆိုတဲ့စိတ်ကူးလေးနဲ့
အဆင်ပြေပါစေဆိုတဲ့စိတ်ကူးလေးနဲ့
လေလာလာ မိုးလာလာ
သဘာဝကိုအံ့တုစရာရှာပေးမိတယ်

ခက်တာက ဘယ်စာကလေးမှ လာမနေခဲ့ဘူး
ပေးတိုင်းလည်းမယူ
ကျွေးတိုင်းလည်းမစား
ယုံကြည်မှု နဲ့ သံသယကြားမှာ
ခြုံတိုင်းမလုံနိုင်တဲ့ အလွှာပါးပါးလေးသာခြားခဲ့

ဒါဟာတဘဝစာအလွဲလို့သိခဲ့ပြီးတဲ့နောက်
ငါဆောက်တဲ့စာကလေးအိမ်ထဲ
အိမ်မြှောင်ငယ်တစ်ကောင်စုတ်ထိုးနေခဲ့
မခေါ်မပြောဘဲ ထိပ်တိုက်လာတွေ့တွေ့နေတာလည်း
ရင်းနှီးမှုတမျိုးပါပဲ
အရောင်တွေဟာလွင့်ပျယ်တတ်သလို့
အတိတ်ဟာ မှုံဝါးဝါး လွင့်ပျယ်ခဲ့ 

ငါဆောက်ပေးတဲ့စာကလေးအိမ်ဟာ
တွဲလောင်းချိတ်ခံလိုက်ရတဲ့
ငါကိုယ်တိုင်။
                       
                       ၁-၅-၂၀၂၂

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ