Wednesday, July 14, 2021

ဒါတွေ မင်းသိလားဗာဒံ -အပိုင်း(၂)

ဆောင်းမနက်ခင်းတွေဟာ
တိတ်တဆိတ်ရောက်လာပြန်ပြီ ဗာဒံ
မနှစ်က နှင်းတွေကို မင်းနဲ့ငါအတူထိုင်ငေး
ခဲ့တာကို သတိရမိတယ်

အချိန်တွေဟာ ပုံမှန်ပါပဲ ဗာဒံ
ငါတို့ကသာ လိုက်မမီတာပါ
ဒီဆောင်းတွင်းဟာ မနက်ခင်းလမ်းထလျှောက်နေကျသူတွေကို
နှင်းတွေနဲ့ ထွေးပွေ့ထားအုန်းမှာပဲ

မင်းအကြောင်းတွေငါတွေးမိတယ်
လာမယ့်သူကို မျှော်ရတာက
မျှော်လင့်ချက်ဆိုရင်
မလာမယ့်သူကိုမျှော်ရတာကို
အချစ်လို့ခေါ်တယ်ဗာဒံ
မင်းအရိပ်မှာဝေနေမယ့်အရွက်တွေကို
တကယ်လွမ်းရပါတယ်

ငါတို့ဟာ ရာစုနှစ်တွေကူးခဲ့တယ်
ထောင်စုနှစ်တွေကူးခဲ့တယ်
ဒါဟာ နည်းတဲ့ကုသိုလ်လား ဗာဒံ
ရာမပြည့်တော့‌တဲ့ လူသတ်တမ်းကပ်မှာ
ငါတို့ဟာရာစုနှစ်တွေထောင်စုနှစ်တွေကူးခဲ့တာပဲ
ဒါကြောင့်ထင်ပါရဲ့ ငါတို့ဟာ
အလှည့်အပြောင်းတွေအကြောင်းတော့
ပိုသိခဲ့ရတယ်

ခက်ခဲတဲ့ကာလတွေကိုဖြတ်သန်းဖို့
သတ္တိကို ပိုးမွေးသလိုမွေးခဲ့တယ်
မဖြစ်ချင်ဆုံးအရာဟာ
အဖြစ်ချင်ဆုံးအရာတွေထက် ခြေတစ်လှမ်းပိုသာနေကျပဲလေ
ဒီအချိန်တွေက ခက်တယ်ဆိုပေမယ့်
ပျင်းစရာမကောင်းတာတော့သေချာတယ်
နေတတ်ဖို့အတွက် ကျေနပ်စရာဟာရှားပါတယ်
ဘဝမှာ သတိမပေးဘဲရောက်လာတတ်တာနှစ်ခုရှိတယ်
တစ်ခုက အက်ဆီးဒင့်
နောက်တစ်ခုက အချစ် ပဲ
ဒါပေမယ့် ဗာဒံရေ
နောက်တစ်ခုရှိသေးတယ်
အဲတာ အာဏာသိမ်းတာလေ

ငါတို့အတွက်တော့ဘာအရေးလဲဗာဒံ
အာဏာရှင်လက်ထက်မှာ မွေးကတည်းက
နေလာတဲ့ရက်တွေကို
ပြန်ရလိုက်သလိုပဲပေါ့
အားလုံးဟာနေသားတကျနိုင်လွန်းတာ
အဆန်းကြီးဘာလားလို့မင်းတွေးနေလား
ဗာဒံ
လောကဟာ တကယ်တော့
ပူလွယ်အေးလွယ်မဟုတ်ဘူးလေ
ဒါတွေမင်းသိလားဗာဒံ။

အရှုပ်တွေကြားထဲမှာ
ရှင်းအောင်နေဖို့ဆိုတာ
လူမုန်းများတယ် ဗာဒံ
အဲဒါကော မင်းသိရဲ့လား
လူဆိုတာ ...
ကိုယ့်ထမင်းကိုယ်စားပြီး
လူတိုင်းကို လိုက်ကြောက်နေရတာလဲ
ငရဲတစ်မျိုးပဲလေ
ဘာမှမတတ်နိုင်ဘူးဗာဒံ
ဆူလွယ်နပ်လွယ်တွေများတဲ့ခေတ်မှာ
သွေးဆူစရာအ‌ကြောင်းတရားတွေက
ခေါင်းထောင်ကြစမြဲပဲလေ

မင်းကိုရှင်းအောင်ပြောရရင်
ဘဝဆိုတာ အရှုပ်ထုပ်ပဲ ဗာဒံရေ
နှင်းတွေရဲ့အကြောင်းတရားထဲမှာ
ဘဝဆိုစွာ ခဏတာမှုံဝါးခွင့်ရလိုက်တဲ့
မနက်ခင်းတစ်ခုလိုပဲ။

       ပန်းသီကြိုး(ရသေ့တောင်)
       ၁၄-၇-၂၀၂၁








No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ