Saturday, November 16, 2019

အနီရောင်ပြေးလမ်း

ပစ္စည်းဥစ္စာထက်အသက်ဟာအရေးပါကြောင်း
လက်နက်ကြီးပစ်သံတွေကတရားပြတယ်
ဒီတော့လည်း...
လွတ်ရာကျွတ်ရာပေါ့

အခါကြီးရက်ကြီးဆိုတာထက်
အချိန်အခါမရွေး အတွက်
မိသားစုအရေးဟာ အိတ်တစ်လုံးစာပဲဆန့်တော့တယ်
တစ်ပိုင်တစ်နိုင်ပဲလေ
ကျန်ရစ်ခဲ့သမျှ တော့
အမျှမဝေနိုင်ခဲ့ပေမယ့်
ယူဖြစ်အောင်ယူသွားကြမှာပဲမလား

ဘယ်အချိန်ပြန်လာမလဲ
ဘယ်ဆီရောက်မလဲ
ဘာတွေလုပ်မလဲ
ဘယ်လိုနေမလဲ
ဘယ်လိုစားမလဲ
နှစ်ဆယ့်လေးနာရီစာလိုအပ်မှုတွေဟာ
အဖြေမယ့်နေမယ့်အမေးသက်သက်သာဖြစ်တယ်

လူတွေဟာလူတွေကိုသတ်ကြပေမယ့်
လူတွေဟာလူလိုမသေရတာ
ဘာကြောင့်လဲ...

ငယ်ငယ်ကလေယာဥ်လာရင်ထွက်ကြည့်မိခဲ့တာ အပြစ် လို့ခံစားလာရတယ်
ဘယ်မှာ ဘယ်သူတွေ သေကြမလဲမတွေးခဲ့ဘူး
လေယာဥ်ပျံတွေကြည့်ပြီးပျော်ဖူးပါတယ်

စပါးခင်းတွေလည်းမှည့်နေပါပြီ
ဒါပေမယ့် လေယာဥ်ပျံတွေပဲထိုင်ကြည့်နေလိုက်တယ်
ငါတို့အိမ်တွေပေါ် ငှက်တစ်ကောင်လိုပျံဝဲပြီး မစင်စွန့်လိုက်သလားတွေးတယ်

အသိုက်ပျက်နေတဲ့ဘဝထက်
အသက်ကိုပိုခင်တွယ်မိတဲ့အခါ
ရှင်သန့်ခွင်တွေအကြောင်းစဥ်းစားမိတယ်
တစ်ခါတစ်ခါ
အသက်ဆိုတာလည်း
စတေးဖို့ဖြစ်လာရတဲ့မွေးဖွားခြင်းပါလားလို့
ဘယ်ဂျိုးမှလာမကူတဲ့အရပ်မှာ
အာဏာရှင်တွေမနေပါဘူး
ငါတို့ချည်းသက်သက်တော့လည်းမဟုတ်ပြန်ဘူး
ဘာမှမရှိတဲ့လက်ဖဝါးကိုဖြန့်ထားလိုက်တယ်
မျက်စိကိုစုံမှိတ်
ငယ်ငယ်ကစာသင်ခန်းထဲမှာလို
လက်ဖဝါးပေါ်ကျလာမယ့်ကြိမ်လုံးကို
စောင့်နေရတာဟာ ငါတို့ပေါ့လေ။



.                                                ပန်းသီကြိုး(ရသေ့တောင်)
                                                 ၁၄.၁၁.၂၀၁၉

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ