အခြေခံပညာကျောင်းတွေမှာ သင်ကြားရေးလုပ်ငန်းတွေပုံမှန်လည်ပတ်ဖို့ ၊သင်ရိုးညွှန်းတမ်း ၊သင်ရိုး
မာတိကာတွေနဲ့အညီအချိန်နဲ့တပြေးညီသင်ကြားနိုင်ရေး အတွက် ပြည်နယ်/တိုင်းရုံးတွေ ၊ခရိုင်ရုံးတွေ၊ မြို့နယ်ရုံးတွေမှာ ရှိတဲ့စစ်ဆေးရေးအဖွဲ့တွေက
ကွင်းဆင်းစစ်ဆေးမှုတွေကို ကျောင်းဖွင့်ရာသီတွေရောက်တိုင်း ပုံမှန် ဆောင်ရွက်လေ့ရှိကြ
ပါတယ်။မြို့နယ်အဆင့်တွေမှာလည်း စစ်ဆေးရေးအရာရှိဒုတိယမြို့နယ်ပညာရေးမှူးတစ်ဦးအောက်မှာ အရာရှိငယ်တွေ
(ATEO) ၊ ဒုလက်ထောက်စစ်ဆေးတွေ ရှိပါတယ်။လစဉ်စစ်ဆေးတွေ့ရှိချက်တွေကို စစ်ဆေးရေးအဖွဲ့တွေအနေနဲ့ မြို့နယ်
ပညာရေးမှူးကို အစီရင်ခံတင်ပြကြရပါတယ်။ကျောင်းစစ်ဆေးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်ကြရာမှာ ကျောင်းလုပ်ငန်း
ဆိုင်ရာစာရင်းဇယားတွေအပြင် ဆရာ/မတွေရဲ့စည်းကမ်းလိုက်နာမှုတွေ၊ ကျောင်းသား/သူတွေရဲ့စည်းကမ်းလိုက်နာမှုတွေကို
လည်း စစ်ဆေးကြပါတယ်။ဆရာ/မတွေအနေနဲ့ ကျောင်းတက်မှန်ကန်မှုရှိမရှိ ၊ သင်ရိုးညွှန်းတမ်းတွေကို သင်ကြားကြရာမှာ
သတ်မှတ်ထားတဲ့လပိုင်းမာတိကာနဲ့ကိုက်ညီအောင်သင်ကြားနိုင်မှု ရှိမရှိတွေကို
အဓိကထားစစ်ဆေးကြပါတယ်။ကျောင်းစာ
ရင်းဇယားပိုင်းဘက်မှာလည်း မှတ်တမ်း(၂၅)မျိုး ပြုစုထားရှိမှုရှိမရှိ ၊ ဆရာ/မတွေ အနေနဲ့ နေ့စဉ်မှတ်တမ်း၊သင်နည်းမှတ်စု
ထားရှိမှု ရှိမရှိတွေကို
လည်းစစ်ဆေးကြပါတယ်။
ကျောင်းစစ်ဆေးရေးလုပ်ငန်းတွေဟာ ပညာသင်ကြားရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေမှန်ကို ကွင်းဆင်းကြည့်
ရှုတာဖြစ်တဲ့ အတွက်ကြောင့် ပညာသင်ကြားရေးလုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်နေကြတဲ့ ပညာ
ရေးဝန်ထမ်းဆရာ/မတွေအတွက် ပညာရေး
လုပ်ငန်းနဲ့ပတ်သတ်လို့ ကိုယ်မသိသေးတဲ့ အချက်တွေကို စစ်ဆေးရေး လာ
ရောက်သူများထံကနေ သင်ယူလေ့လာနိုင်တာလည်းဖြစ်ပါတယ်။စစ်ဆေးရေးအဖွဲ့တွေအနေနဲ့လည်း မတတ်သေးတာကို
သင်ပေးရင်း ၀န်ထမ်းကောင်းတွေဖြစ်လာဖို့ လမ်းညွှန်မှာကြားတာတွေ ပြုပြင်ပေးတာတွေကို အခြေအနေအလိုက်
ဆောင်
ရွက်ကြရတာဖြစ်ပါတယ်။
ဒီလို စစ်ဆေးရေးလုပ်ငန်းတွေကို လုပ်ဆောင်ခြင်းရဲ့နောက်ကွယ်မှာ အဆင်မပြေမှုတွေလည်း ရှိနေကြပါတယ်။
ဘယ်လိုအဆင်မပြေမှုတွေရှိနေလဲ ။ ဘာကြောင့်အဆင်မပြေမှုတွေဖြစ်နေတာလဲ။ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြ
မှာလဲဆိုတာကတော့ မပြီးဆုံးနိုင်တဲ့တစ်ထောင့်တစ်ညပုံပြင်တွေလိုပါပဲ။အဓိက ကြုံတွေရတဲ့အများဆုံးအခက်အခဲကတော့
ငွေကြေးပဲဖြစ်ပါတယ်။ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ တာဝန်နဲ့ခရီးသွားတဲ့ ၀န်ထမ်းတစ်ယောက်ကို ခရီးစရိတ်(TA)
နဲ့ နေ့တွက်စရိတ် (DA) အစိုးရက ခံစားခွင့်ပြုပါတယ်။ဒီလို
ခံစားခွင့်ပြုရာမှာ ခရီးသွားတဲ့ဝန်ထမ်းဟာ မိမိရဲ့ခရီးစဉ်ကို ခရီး
သွားလာခွင့်အမိန့်စာနဲ့အတူ ခရီးစဉ်အသေးစိတ်ကို ရေးဆွဲပြီးတင်ပြတောင်းခံကြရပါတယ်။ဒီလို တောင်းခံလာတဲ့
အခါ
မိမိတို့သက်ဆိုင်ရာရုံးတွေက စီစစ်ပြီး ရုံးအသုံးစရိတ် ထဲက ပြည်တွင်းခရီးစရိတ်(၀၂၀၁)ငွေစာရင်းခေါင်းစဉ်နဲ့ ခွင့်ပြုပေးပြီး
ကုန်ကျစရိတ်ကို ထုတ်ပေးပါတယ်။ဒီလိုထုတ်ပေးကြရာမှာ သက်ဆိုင်ရာလိုင်းကိုင်စာရေးနဲ့ ရုံးအကြီးအကဲက
သင့်တော်၏
မသင့်တော်၏ချင့်ချိန်ပြီး ခွင့်ပြုနိုင်တဲ့ပမာဏထက် ကျော်လွန်တောင်းခံလာတဲ့ငွေကို လျော့ချတာမျိုးပြုလုပ်ကြပါတယ်။
မြန်မာနိုင်ငံငွေစာရင်းဥပဒေအရ သတ်မှတ်ထားတဲ့ခရီးအကွာအဝေးနဲ့ငွေပဏာဟာ ဒီနေ့ခေတ်နဲ့တော့ သိပ်အံမ၀င်
တော့ပါဘူး။ဥပမာ
-တစ်သောင်းကုန်ကျတဲ့ ခရီးတစ်ခုကို ငါးထောင်လောက်ပဲခွင့်ပြုတာမျိုးဖြစ်ပါတယ်။နေ့တွက်စရိတ်အဖြစ်
တစ်နေ့ကို စားစရိတ် ၄၈၀၀ကျပ်ခံစားခွင့်ပြုပါတယ်။ထမင်းနှစ်နပ် ကိုအပြင်မှာဝယ်စားဖို့ ငွေအနည်းဆုံး ငါးထောင်ကျပ်လို
ပါတယ်။ဒေသအလိုက် ထမင်းစားစရိတ်ဟာ ကွာခြားနိုင်ပါတယ်။ထမင်းတစ်နပ်ကို နှစ်ထောင်ငါးရာလောက်နဲ့မှစားလို့ရတဲ့
ဒေသရှိသလို နှစ်ထောင့်ငါးရာထက်ပိုကုန်ကျတဲ့ဒေသတွေလည်းရှိပါတယ်။အစိုးရခွင့်ပြုငွေ နဲ့ လောက်တဲ့ဒေသမျိုးလည်းရှိ
နိုင်ပါတယ်။ဒါကြောင့် လောက်တဲ့ဒေသလောက်ပြီး မလောက်တဲ့ဒေသမလောက်ငှတဲ့အတွက် ခရီးသွားဝန်ထမ်းဟာ အိတ်
စိုက်တွေများလာရပါတယ်။ဒီလို အိတ်စိုက်တွေများလာတဲ့အခါ သက်ဆိုင်ရာဝန်ထမ်းတွေဟာ ကြာတော့ဝန်ထုပ်ဝန်ပိုးဖြစ်လာ
ပါတော့တယ်။ဒီလို ၀န်ထုပ်ဝန်ပိုးဖြစ်လာရတဲ့အတွက် ကျောင်းစစ်ဆေးရေးလို့ ခရီးမျိုးကို သွားရတဲ့ဝန်ထမ်းတွေကို ဒေသခံ
ဝန်ထမ်းတွေက ကျွေးမွေးဧည့်ခံကြရပါတယ်။ဒါဟာ ဒေသခံဝန်ထမ်းကိုလည်း ၀န်ထုပ်ဝန်ပိုးတစ်ခုလို့ဖြစ်လာစေပါတယ်။
မြန်မာ့ယဉ်ကျေးမှုအရ ဧည့်ကိုထမ်းကျွေးမွေးကြတာဟာ ယဉ်ကျေးမှု အစဉ်အလာတစ်ခုလိုဖြစ်နေပြီးသားဆိုပေမယ့်လည်း
တာဝန်အရ လုပ်ဆောင်နေရတဲ့ ၀န်ထမ်းတွေအနေနဲ့ကျောင်းစစ်ဆေးရေးအဖွဲ့တွေကို ကျွေးမွေးဧည့်ခံရတာကတော့ ယဉ်
ကျေးမှုအရကျွေးသင့်တယ်လို့မသတ်မှတ်သင့်ဘူးလို့ထင်ပါတယ်။ဝန်ထမ်းဆိုတာက လစာနဲ့လောက်ငှအောင်ချွေတာသုံး
စွဲနေရသူတွေဖြစ်တာကြောင့် အပိုကုန်လာတဲ့ငွေကြေးတွေကြောင့် တစ်လလောက် မလောက်မငှဖြစ်မိရင် လတိုင်းလိုလို
မလောက်ငှတဲ့အဖြစ်မျိုးကို ရင်ဆိုင်ရတတ်တာကြောင့်ဖြစ်ပါတယ်။
ကျောင်းစစ်ဆေးရေးအဖွဲ့တွေရောက်ပြီးနောက်ပိုင်း ကျောင်းတစ်ကျောင်းကို ကျွေးမွေးဧည့်ခံစရိတ်ဘယ်လောက်ပေးရမယ်
ဆိုတဲ့ အသံတွေဟာ ဆရာ/မတွေကြားမှာတော့ နားမဆံ့အောင်ကြားနေရတာဖြစ်ပါတယ်။ဒါအပြင် ခရီးစရိတ်ဆိုပြီး လည်း
စစ်ဆေးရေးအဖွဲ့တွေကို သီးသန့်ပေးကြရတာမျိုးတွေလည်းရှိကြပါသေးတယ်။တစ်ခါတစ်ခါ ကိုယ်တာဝန်ကိုယ်ကျေအောင်
လုပ်ထားပါရက်နဲ့ တောင်းတဲ့စရိတ်မပေးလို့ ဖိစစ်တာခံကြရတဲ့ကျောင်းအုပ်တွေရှိကြသလို တာဝန်ကျေအောင်လုပ်မထား
ပေမယ့် စစ်ဆေးရေးအဖွဲ့ကို အပြုစုကောင်းလို့ အမြဲမျက်နှာရနေတဲ့ ကျောင်းအုပ်တွေလည်းရှိကြပါတယ်။
“ ကျွန်တော်ကတော့ ကိုယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်တယ် ။ ဌာနကအကြီးအကဲတွေ ဘယ်သူပဲလာစစ်စစ်ရတယ်။
ဒါပေမယ့် ကျောင်းစစ်အဖွဲ့ကို ငွေပေးရတာကိုတော့ ကျွန်တော့လုံးဝသဘောမကျဘူး။ကျောင်းကိုတစ်ခါတစ်လေမှရောက်တဲ့
ကျောင်းအုပ်တွေက စစ်ဆေးရေးအဖွဲ့တွေနောက်ကလိုက်ပြီး ကျွန်တော်တို့ဆီက လမ်းစရိတ်ဆိုပြိးငွေတောင်းတယ် တစ်
ကျောင်းကို တစ်သောင်းပေးရမယ်တဲ့ ။စစ်ဆေးရေးအဖွဲ့ကတိုက်ရိုက်တောင်းတာမျိုးတော့မဟုတ်ဘူး။စစ်ဆေးရေးနောက်
ကနေ မြို့နယ်ကလမ်းပြအဖြစ် ခရီးအဆင်ပြေအောင်ထည့်လိုက်တဲ့သူတွေက တောင်းတယ်။တစ်ခါတစ်လေ ကျောင်းမှန်မှန်
မတက်တဲ့သူက စစ်ဆေးရေးအဖွဲ့နောက်ကလိုက်ပြီး မျက်နှာလိုမျက်နှာရလုပ်ပြီး ကျွန်တော်တို့ဆီကငွေတောင်းပေးတယ်။
ကိုယ်ဆီရောက်လာတဲ့ ဧည့်သည်ကို ထမင်းကျွေးရတာကိုတော့ ကျွန်တော်မပြောလိုပါဘူး။ကျွန်တော်တို့ နယ်တွေမှာ ထမင်းဆိုင်ရယ်လို့သီးသန့်မရှိတဲ့အတွက်လည်း ကျွန်တော်တို့မကျွေးရင် စားရေးသောက်ရေးကအခက်အခဲရှိတယ်။
ဒါပေမယ့် လမ်းစရိတ်ဆိုပြီးထပ်တောင်းလာတော့ ထမင်းကျွေးချင်စိတ်ပါပျောက်ကော။”လို့ အမည်မဖော်လိုသူ မူလတန်း
ကျောင်းအုပ်ဆရာကြီးတစ်ယောက်ကပြောပါတယ်။
ကျောင်းစစ်ဆေးရေးဆင်းနေရတဲ့ ဆရာမတစ်ယောက်ကတော့ စစ်ဆေးရေးသွားရတာကို စိတ်ကုန်နေပြီလို ဆိုပါတယ်။
လူပင်ပန်းတာထက်စိတ်ပင်ပန်းတာကပိုဆိုးတယ်လို့လည်းဆိုပါတယ်။ခရီးစရိတ်က ကုန်သလောက်ပြန်မရဘူးလို့လည်း
ဆိုပါတယ်။အစိုးရခွင့်ပြုတဲ့နှုန်းက နည်းတာကြောင့်
တစ်ချို့နေရာတွေကို သီးသန့်ငှားပြီးသွားရတာမျိုးဆိုရင် အိတ်စိုက်ရတာ
များတယ်လို့ဆိုပါတယ်။ ဒေသခံဝန်ထမ်းတွေက တာဝန်ယူပို့ပေးတာမျိုးတွေ ရှိသလို တစ်ခါတစ်ခါ ငှားသွားလို့လည်းမရ
ပို့မယ့်သူလည်းမရှိနဲ့ စိတ်ရှုပ်ရတယ်လို့လည်းဆိုပါတယ်။ငွေတောင်းတာမျိုးတွေကို တော့မလုပ်ဘူးလို့လည်းဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် ကျောင်းစစ်ဆေးရေးအဖွဲ့ပြန်သွားပြီးနောက်ပိုင်းမှာ ပြန်ကြားနေရတဲ့အသံတွေဟာ ဆရာ/မတွေရဲ့လောကမှာ
အမြဲလိုလို မကျေမချမ်းဖြစ်သံတွေသာ ကြားနေရတာတွေများပါတယ်။ဒီနေရာ မှာ NGO ၀န်ထမ်းတွေခရီးသွားရင် အစိုးရ
ဝန်ထမ်းတွေခရီးသွားတာနဲ့ပြောင်းပြန်ဖြစ်နေပါတယ်။ခရီးစရိတ်လုံလုံလောက်လောက်ရတယ်။ကိုယ်သွားမယ့်ခရီးအတွက်
အဆင်ပြေနိုင်မယ့်ယဉ်ကိုငှားရမ်းအသုံးပြုခွင့်ပေးတယ်။ဒေသခံတွေဆီက တောင်းတာမျိုးမရှိပဲ သူတို့ဆီကသာပေးခဲ့တာဖြစ်
တယ်။နယ်ဆင်းရတဲ့အခါ နယ်မှာမြင်ခဲ့ရတဲ့အခက်အခဲတွေကို တင်ပြပေးပြီး အဆင်ပြေအောင်ဖြေရှင်းပေးနိုင်ဖို့ကြိုးစားလို့ရ
တယ်။အစိုးရ၀န်ထမ်းတွေမှာတော့ နယ်မှာကြုံနေရတဲ့ဒေသခံတွေရဲ့အခက်အခဲကို ဖြေရှင်းမပေးနိုင်တဲ့အပြင် ကိုယ်တိုင်က
အခက်အခဲအမျိုးမျိုးနဲ့ ခရီးသွားနေရတာဖြစ်တယ်။ဒါတွေဟာ အစိုးရဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းတွေရဲ့ အဆင့်ဆင့်လုပ်ပိုင်ခွင့် အားနည်းနေတာတွေကြောင့်ဖြစ်ပါတယ်။ မြို့နယ်အဆင့်မှာ တောင်မြို့နယ်ပညာရေးမှူးဆိုသူတွေ
ဟာ လုပ်ပိုင်ခွင့်မယ်မယ်ရရမရှိတော့တာတွေကြောင့်လည်း နယ်ခံတွေရဲ့အခက်အခဲကို မြင်ပေမယ့် အထက်ကိုတင်ပြပေးမယ်ဆိုတာလောက်နဲ့သာ လှိမ့်ခဲ့ရတာတွေများလာတာကြောင့်လည်းပါပါတယ်။ဌာနဆိုင်ရာစည်းမျဉ်း
စည်းကမ်းတွေအောက်မှာ အဆင်မပြေမှုအမျိုးမျိုးကို အဆင်ပြေအောင်နည်းလမ်းရှာကြံနေရတာတွေဟာ တကယ်တော့
လူတွေကို မလိမ်တတ်ရင် လိမ်တတ်အောင်သင်ပေးနေတာနဲ့တူနေပါတယ်။
ပညာရေးလောကမှာကျင်လည်နေကြရတဲ့ ဆရာ/မ အများစုဟာ တာဝန်ကျရာဒေသမှာ နေစရာ အဆောင်ကအစ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတဲ့အပြင် ဌာနကလူတွေလာရင် စရိတ်ကအစ ပြန်ပေးနေကြရတာတွေဟာ ရေနစ်သူဝါးကူထိုးသလို ဖြစ်နေပါတော့တယ်။
ပန်းသီကြိုး(ရသေ့တောင်)
ဝန်ခံချက်
ဤစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး မည်သည့်မဂ္ဂဇင်း ဂျာနယ်သို့မျှပေးပို့ထားခြင်းမရှိကြောင်းအာမခံပါသည်။
အမည်ရင်း-----------ဦးဇော်မင်းနိုင်
နေရပ်----------------ရသေ့တောင်မြို့
ဖုန်း------------------၀၉၄၂၁၇၆၅၉၂၅
Email----------------Panthikyoe375@gmail.com